ပုသိမ်ထီးနဲ့ သနပ်ခါးမေမိတ်ဆက်၊ လူထုအမှတ်သညာပွဲတော် Pathein Umbrella & Thanakha Contest Introduction

ပုသိမ်ထီးနဲ့သနပ်ခါးမေ Open History Project

၁၄ – ၁၈ အောက်တိုဘာ၊ ၂၀၂၀ ပြပွဲရက်များတွင် ကြည့်ရှုအားပေးကြပါ။ ကျွန်တော်တို့က မြို့တွေမှာစပြီးတော့ လူထုအမှတ်သညာပွဲတော်ကိုကျင်းပတဲ့အခါမှာ လူထုအမှတ်သညာပွဲတော်မကျင်းပခင် ပြိုင်ပွဲတစ်ခုကိုကျင်းပလေ့ရှိပါတယ်။ အဲ့ဒါက ယဥ်ကျေးမှုကိုအခြေခံတဲ့ပြိုင်ပွဲလေးတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့က မကွေးမြို့မှာစပြီးတော့ သနပ်ခါးမေဆိုတဲ့ပြိုင်ပွဲကိုစပြီးကျင်းပခဲ့ပါတယ်။ အဲ့ဒီကနေဆက်ပြီး ဘားအံရောက်တဲ့အခါမှာ ဘားအံမှာကျတော့ သူတို့ရဲ့လက်ယက်ထည်တွေ၊ စက်ယက်ထည်တွေ၊ ချည်မျှင်နဲ့အထည်အလိပ်လုပ်ငန်းတွေ အင်မတန်မှထွန်းကားတာလည်းတွေ့ရတယ်။ အင်မတန်မှ အရောင်အသွေးစုံလင်တာလည်းတွေ့ရတယ်။ ကျွန်တော်တို့က ဘားအံမှာရောက်တဲ့အခါမှာ ဆင်ယင်မှုပွဲတော်ဆိုပြီးတော့ သူတို့ရဲ့ ရိုးရာဖြစ်တဲ့ အဆင်အကွက်တွေကို မော်ဒန်ဒီဇိုင်းတွေနဲ့ ပေါင်းစပ်ပြီးတော့ပြတဲ့ ဖက်ရှင်ပွဲတော်ဆိုပြီးတော့ စပြီးကျင်းပခဲ့ပါတယ်။ အဲ့ဒါကလည်း ကျွန်တော်တို့က ယဥ်‌ကျေးမှုကိုအခြေခံတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ နောက်ကျွန်တော်တို့ ထားဝယ်ရောက်တဲ့အခါမှာ ကျွန်တော်တို့က ထားဝယ်ရိုးရာမေပွဲတော်ဆိုပြီးတော့ ကျင်းပခဲ့ပါတယ်။ ထားဝယ်ရိုးရာမေပွဲတော်ကတော့ မကွေးမှာကျင်းပခဲ့တဲ့အခါမှာ သနပ်ခါးမေဆိုပြီးတော့လုပ်ခဲ့ပေမယ့် ထားဝယ်ရောက်တဲ့အခါမှာ ထူးထူးခြားခြားတွေ့ရတာက ထားဝယ်က သနပ်ခါးကိုပဲလိမ်းတာမဟုတ်ဘဲ သနပ်ခါးနဲ့ အလားတူတဲ့ သစ်သားတွေကိုလည်း သွေးပြီးတော့လိမ်းတာတွေ့ရပါတယ်။ အဲ့ဒီထဲမှာ တောင်နံကြီး၊ သစ်နို့တို့လိမ်းတာတွေလည်းတွေ့ရတယ်။ ကျွန်တော်တို့က အဲ့မှာကျတော့ သနပ်ခါးဆိုတဲ့ခေါင်းစဥ်နဲ့ ဘောင်သပ်လို့မရတဲ့အတွက် ထားဝယ်ရိုးရာမေဆိုပြီးတော့ ကိုယ်ကြိုက်နှစ်သက်ရာ အသီး၊ အပွင့်၊ အခေါက် အဲ့ဒါတွေနဲ့လိမ်းခြယ်ပြိုင်တဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲ့ဒီကျင်းပခဲ့တဲ့ပွဲမှာဆိုရင် ထားဝယ်ရဲ့ ဝတ်စုံနဲ့ဝတ်ဆင်ပြီးတော့မှ အဲ့ဒီဝတ်ဆင်ထားတာကိုမှ သနပ်ခါးပဲဖြစ်ဖြစ်၊ သစ်နို့ပဲဖြစ်ဖြစ်၊ တောင်နံကြီးပဲဖြစ်ဖြစ် ကိုယ်နှစ်သက်ရာကို ရွေးချယ်လိမ်းခြယ်ပြီးတော့မှ ပြိုင်ပွဲဝင်ဖို့ကျင်းပခဲ့ပါတယ်။ အင်မတန်မှ စည်ကားသိုက်မြိုက်တဲ့ပွဲတွေလည်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ပုသိမ်ကိုစဥ်းစားတဲ့အခါမှာ ပုသိမ်က မြန်မာတစ်နိုင်ငံလုံး‌ရော၊ တစ်ကမ္ဘာလုံးရောသိတာက ပုသိမ်မှာပုသိမ်ထီးထုတ်လုပ်တာက အင်မတန်မှအရေးကြီးပါတယ်။ ပုသိမ်ထီးဟာ တကယ်တမ်းဆိုရင် ဟိုတစ်ချိန်တုန်းကဆိုရင် မြန်မာနိုင်ငံရဲ့ထီးလိုအပ်ချက်၊ မိုးတွင်းရော၊ နေပူတဲ့အချိန်ရော ထီးလိုအပ်ချက်ကိုဖြည့်စည်းပေးတဲ့ နေရာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပုသိမ်ထီးရဲ့ကျော်ကြားမှုက မြန်မာနိုင်ငံနဲ့အတူ ရှင်တွဲပြီးတော့ ကျော်ကြားတဲ့ ကျော်ကြားမှုဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပုသိမ်ကိုရောက်တဲ့အခါမှာ ပုသိမ်ထီးနဲ့သနပ်ခါးမေဆိုတဲ့ ခေါင်းစဥ်နဲ့ပြိုင်ပွဲတစ်ခုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီပြိုင်ပွဲကိုလည်း Covid 19 အခြေအနေကြောင့် တကယ့်ကိုစည်စည်ကားကားနဲ့ လူအများကြားမှာ ကျင်းပရမယ့်ပွဲဖြစ်ပေမယ့် အွန်လိုင်းပြိုင်ပွဲအနေနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ အဲ့ဒီအွန်လိုင်းပြိုင်ပွဲမှာတော့ ပုသိမ်မြို့ကနေ စိတ်ဝင်စားတဲ့ မိန်းကလေးငယ်အများစု ဝင်ရောက်ယှဥ်ပြိုင်ကြပြီးတော့မှ ဒါကိုကျွန်‌တော်တို့က ရွေးချယ်ပြီးတော့ ဆုပေးတာဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ဓလေ့နှစ်ခုကခုနကပြောတဲ့ ပုသိမ်နဲ့ပတ်သတ်တဲ့ပုသိမ်ထီးဆိုပြီးတော့ အင်မတန်မှ ကျော်ကြားတဲ့ထုတ်ကုန်တစ်ခု ဓလေ့တစ်ခုလည်းရှိသလို သနပ်ခါးကိုလည်း မက်မက်စက်စက်လိမ်းကြတဲ့ မြို့တစ်မြို့လည်းဖြစ်တဲ့အတွက် ကျွန်တော်တို့က ပုသိမ်ထီးနဲ့သနပ်ခါးမေဆိုတဲ့ပြိုင်ပွဲကို ကျင်းပတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲနဲ့ပတ်သတ်ပြီး ကျွန်တော်တို့အွန်လိုင်းလုပ်ခဲ့တဲ့ ဗွီဒီယိုကိုလည်း ဒီနေရာမှာတင်ထားပါတယ်။ ဝိုင်းပြီးအားပေးကြည့်ရှု့ကြပါဦးလို့ ကျွန်တော်မေတ္တာရပ်ခံပါတယ်။

Leave a comment

Design a site like this with WordPress.com
Get started