လူထုအမှတ်သညာပွဲတော်အတွက် ဓာတ်ပုံအဟောင်းလေးတွေကိုစုတဲ့ ခရီးမှတ်တမ်း

ပုသိမ်မြို့ ဓာတ်ပုံအဟောင်းတွေ ပြပွဲအတွက်ဓာတ်ပုံတွေ ရသလောက်စုဆောင်းချင်ခဲ့ပေမဲ့ ကိုဗစ်ကာလ အခွင့် မသာတာကြောင့် မလုပ်နိုင်ခဲ့ပါဘူး။ အခုတော့ ကြိုးစားပြီး စုဆောင်းကြည့်ဖို့ ပထမဆုံးခရီးလေးထွက်ခဲ့ပါတယ်။ ဓာတ်ပုံတွေဆိုတာ မစုဆောင်းဖြစ်ရင်ရေ‌ကြောင့် ၊ မီး‌ကြောင့် ၊ ရာသီဥတုကြောင့် အလွယ်တကူ ပျက်စီးနိုင်တယ် မဟုတ်လား။ ပုသိမ်မြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ “မြို့ချောင်း” ဆိုတဲ့ ရွာလေးတစ်ရွာကို ကျွန်တော်တို့လူထုအမှတ် သညာအဖွဲ့သားတွေနဲ့ အတူ မြို့ခံလူငယ်လေးများရဲ့ ဦးဆောင်မှုနောက်ကို လိုက်ခဲ့ကြပါတယ်။ မိုးလေးက တဖွဲဖွဲ နဲ့ဆိုတော့ ကျွန်တော်တို့တွေ ကားလေးကို အတူစီးရင်းချီတက်ခဲ့ ကြတယ်။ ပုသိမ်မြို့ နဲ့ ဆိုရင်တော့ ဒီရွာလေးက နာရီ၀က်လောက် ကားမောင်းရပါတယ်။ ကားပေါ် မှာတော့ လူထုအမှတ်သညာပွဲတော် ဒါရိုက်တာကိုအောင်စိုးမင်း၊ ရုံးအဖွဲ့သား ၄‌‌ ‌‌ယောက် ၊ မြို့ခံ ကိုဘိုဘို ၊ လူငယ်လုပ်အားပေးကူညီသူ ၃ ယောက် နဲ့ ကားဆရာ‌တို့ရယ်စကားလေးတွေပြောရင်း ပုသိမ့်ထဲကိုဖြတ်ပြီးစီးဆင်းနေတဲ့ ချောင်းလေးတွေအကြောင်းကို မြို့ခံကိုဘိုဘိုက ပြောပြရင်း မိုး‌ရေထဲမှာ ကားလေးကို ခပ်ဖြေးဖြေးလေး မောင်းလာခဲ့ကြပါတယ်။ ပုသိမ်မြို့ ရဲ့ အ‌‌‌ရှေ့ဘက်လောက် ခပ်လှမ်းလှမ်းလေးလို့ယူဆရတဲ့ဘက်ကို ထွက်လာခဲ့ကြတယ်။ လမ်းဘေး ၀ဲယာမှာလည်းအသစ်အသစ်ပြောင်းလဲနေတဲ့ အိမ်ရာတွေ ၊ စက်ရုံအလုပ်ရုံတွေနဲ့ စည်ကားသိုက်မြိုက်နေပါတယ်။ တိုးတက်လာတာနဲ့အတူ ဆုံးရှုံးသွားတာတွေလည်း မနည်းလှပါဘူး။ ကျွန်တော်တို့ သဘာ၀အလှတရားကြီးနဲ့ စိမ်းလန်းစိုပြေစေဖို့ ပေးခဲ့တဲ့သစ်ပင်ကြီးတွေကိုလည်း ခုတ်လှဲထားတာတွေလည်း မနည်းဘူး။ ဒါတွေကို မြင်ရတော့ နှမြောတသ ဖြစ်မိပါတယ်။ ကျွန်တော်တို့ငယ်ငယ်က “သစ်တစ်ပင်ခုတ်ထောင်သုံးနှစ်”ဆိုတဲ့ ဆိုင်းဘုတ်‌လေးတွေကို လမ်းဘေးဝဲယာမှာ မကြာခဏဆိုသလို မြင်ဖူးမိပါတယ်။ ယခုအခါမှာ အဲ့ဆိုင်းဘုတ်လေးတွေလည်း မတွေ့ရတော့ဘူး။ သစ်‌ပင်တွေ ခုတ်လှဲနေကြတာတွေလည်း မျက်စိရှေ့မှာအများကြီးပဲ မြင်တွေ့ရပါတယ်။ ဒီလိုနဲ့ အစိုးရရုံး‌‌တွေ ၊ ၀န်ထမ်းအိမ်တွေကြားထဲကနေပြီး ကွန်းကရစ်လမ်းလေးအတိုင်း ဆက်မောင်းလာရာ ဘေးတစ်ဖက်တစ်ချက်ဆီမှာ လယ်ခင်းစိမ်းစိမ်းတွေနဲ့ သိပ်လှနေတဲ့ ရှုခင်းတွေကိုကြည့်ရင်း ကွန်းကရစ်လမ်းလေး အဆုံးမှာတော့ အိမ်လေးတွေကို စတွေ့ပါတော့တယ်။ မိုးလေးကလည်းတဖွဲဖွဲနဲ့ ကျွန်တို့လည်းအဲဒီရွာလေးကို ရောက်လာခဲ့တယ်။ကျွန်တော်တို့သွားမဲ့ အိမ်လေးကို ဘယ်သူမှလည်း တစ်ခေါက်မှ မရောက်ဖူးဘူး။ ဒါကြောင့်ကျွန်တော်တို့ တွေ့တဲ့လူကိုမေးမယ်ပေါ့။ ရွာထဲမှာ လူအသွားအလာ သိပ်မတွေ့ရဘူး မိုးရွာနေလို့လားတော့ မသိ ဘူး။ အိမ်တွေကလည်း ခြံ၀န်းကအကျယ်ကြီးတွေဆို တော့ အိမ်ထဲက လူတွေကိုလည်းလှမ်းမမြင်ရဘူး။ ဒါနဲ့ ဈေးဆိုင်လေးတစ်ခုတွေ့လို့ ကျွန်တော်တို့ ကားလေးကို ရပ်လိုက်ကြတယ်။ ကားပေါ်ကဆင်းပြီး ဆိုင်လေးရှိတဲ့ အိမ်လေးဆီကို ကျွန်တော်သွားပြီး ဦးအောင်မြိုင်တို့ အိမ်ဘယ်အိမ်လဲဆိုတာကို မေးလိုက်ပါတယ်။ ဖြစ်ချင်တော့ ဦးအောင်မြိုင်က ဘုန်းကြီး၀တ်နေတယ်တဲ့။ ဒါ ကြောင့် သူ့အိမ်လေးကို လမ်းညွန်ပေးဖို့ပြောလိုက်ပါတယ်။ ဦးအောင်မြိုင်အိမ်ကကျော်လာခဲ့ပြီတဲ့။ ဒါကြောင့် ကျွန်‌တော်တို့လည်း ကားလေးကို ပြန်လှည့်ပြီး သူညွှန်ပြတဲ့ လမ်းလေးအတိုင်း ဆက်သွားခဲ့ကြပါတယ်။ ရွာလမ်းလေးဆိုတော့ ခပ်ကျဉ်းကျဉ်းလေးပေါ့။ ခြံ၀န်းကြီးတွေကတော့အကျယ်ကြီးတွေ။ ခြံထဲမှာလည်း စားပင်သီးပင်တွေနဲ့ တိတ်ဆိတ်နေတာပဲ ၊ အဲဒီလမ်းလေးအတိုင်းဆက်ပြီး မောင်းလာတာ လမ်းလေးအဆုံးမှာတော့ ခြံ၀န်းအကျယ်ကြီးတွေ့တယ်။ အဲဒီခြံ၀န်းထဲမှာတော့ အိမ် သုံး ၊ လေး အိမ်ရှိတယ်။ အဲဒါနဲ့ ‌ခြေတံရှည်လေးနဲ့ ပျဥ်ထောင်အိမ်လေးကိုဦးတည်ပြီး ဦးအောင်မြိုင်တို့အိမ်လားလို့ မေးလိုက်တော့ အထဲက အဖွားအိုတစ်ယောက်ထွက်လာတယ်။ ဦးအောင်မြိုင်က ဘုန်းကြီး၀တ်နေတယ်။ အဖွားကအမျိုးသမီးပါဆိုပြီး အသက်အရွယ်ကတော့ ခြောက်ဆယ်၀န်းကျင်လောက်ရှိတဲ့ သန်သန်မာမာနဲ့ အဖွားကထွက်လာပြီးတော့ဖြေတယ်။ သူဘေးမှာ ၇ နှစ် (သို့) ၈ နှစ် အရွယ်ကလေးမလေးတစ်ယောက်ပါလာတယ်။ အဲဒါနဲ့ ကျွန်‌တော်တို့လဲ ဓာတ်ပုံအဟောင်းလေးတွေ လာယူတာပါဆိုပြီးပြောလိုက်တော့ “ဟုတ်ကဲ့အိမ်ထဲ၀င်ပါ”တဲ့။ ခုနက အဖွာနဲ့အတူပါလာခဲ့ ကလေးလေးက ထီးလေးကိုင်ပြီး မျက်နှာလေးက ပြုံးပြုံးပြုံးပြုံးနဲ့ ဖော်ဖော်ရွေရွေပဲ။ ကျွန်တော်လည်း မနေနိုင်တာနဲ့ မီးမီးနာမည်ဘယ်လိုခေါ် လဲဆိုတော့ ရှေ့သွားလေး ကျိုးတိုးကျဲတဲနဲ့ အိမ့်တန်ခူးနိုင်လို့ဖြေတယ်။ မီးမီးကဘယ်နှတန်းလဲဆိုတော့ နှစ်တန်းတဲ့။ ကျောင်းမတက်‌ရသေးဘူးလားဆိုတော့ ကျောင်းတွေက ဖွင့်သေးဘူးတဲ့။ ဒါနဲ့အထဲကို ၀င်သွားကြာတာပေါ့။ ကလေးမလေးကို ဝိုင်းပြီးမေးကြပြုကြနဲ့ အိမ်ပေါ်ရောက်တော့ အဖွားကဓာတ်ပုံအဟောင်းလေးတွေ ထုတ်ပေးတယ်။ ကျွန်တော်တို့လည်း ပုံတွေကိုကူးရင်း မြို့ချောင်းရွာလေးရဲ့အကြောင်း အဖွားကိုမေးမြန်းကြည့်ဖြစ်တယ်။ အရင်တုန်းကဆိုရင် ဒီရွာလေးကဘယ်လိုရှိခဲ့တာလဲ။ ခုရော ဘယ်လိုတွေပြောင်းလဲသွားပြီးလဲဆိုပြီး အရင်ကတော့ ဒီမြို့ ချောင်းရွာလေးက တစ်ရွာလုံးက အမျိုးတွေချည်းပဲတဲ့။ ယောက်ျားဘက်ကအမျိုးရယ် ၊ ကျွန်မဘက်က အမျိုးတွေရယ်နဲ့တဲ့။ အိမ်‌ခြေကလည်း အဲဒီလောက်မများဘူးတဲ့။ ခုတော့ အပြင်ကလူတွေ ရောက်လာကြတယ်တဲ့။ တိုင်းရင်းသာတွေရော ၊ တချို့မြို့ ပေါ်က ပိုက်ဆံရှိတဲ့သူတွေကလဲ ဒီဘက်တွေမှာ ခြံတွေ၀ယ်ပြီးတော့ အိမ်တွေဆောက်ပြီး ငှားစားကြတယ်။ လျှပ်စစ်မီးရတာလဲ ငါးနှစ်လောက်ရှိပြီ။ အခုအချိန်က ကောက်စိုက်ရာသီဆိုတော့ ရွာထဲကရှိသမျှလူတော်တော်များများက ကောက်စိုက်ထွက်နေကြတယ်။ အဖွားတို့အိမ်မှာလည်း လူအငှားအ‌ယောက်ငါးဆယ်လောက်နဲ့ ကောက်စိုက်နေကြတယ်။ အဖွာတို့ကတော့ တောင်သူပဲလုပ်နေရတာပေါ့။ သမီးတွေကတော့ ကျောင်းဆရာမတွေ။ သူတို့တာ၀န်ကျတဲ့ဆီမှာပဲ ခုလိုပိတ်ရက်တွေတော့ပြန်ပြီး အိမ်အလုပ်တွေကူလုပ်ပေးပါတယ်။ ဒီလိုရွာလေးထဲကနေပြီး ကျောင်းဆရာမတွေ မွေးထုတ်ပေးတာ ဂုဏ်ယူစရာကောင်းလှပါတယ်။ ဒီလိုနဲ့ ဒီရွာလေးရဲ့ ပြောင်းလဲမှုတွေကို အဖွားကတစ်ဆင့် ပြောပြလို့ အားလုံး သိလိုက်ရတယ်။ ပြီးတော့ ဓာတ်ပုံ အဟောင်းလေးတွေကိုကူးရင်း ခုနကအိမ့်တန်ခူးနိုင်လေးကိုဝိုင်းပြီး မေးကြပြုကြ၊ မျက်နှာလေးပြုံးပြုံးပြုံးပြုံးနဲ့ ‌ရှေ့သွားလေးတွေမရှိတော့ စကားလေးမပီတပီလေး မေးသမျှတွေကိုအကုန်ဖြေတယ်။ တအားလည်း သွ်တယ်။ ပြီးတော့အဖွားနားမှာ ကပ်ပြီးအဖွားကို ကြည့်လိုက် ၊ ကျွန်တော်တို့ကိုကြည့်လိုက် ဒီလို့ နဲ့ ပုံလေးတွေကို ကူးပြီး အဖွားကို နှုတ်ဆက် ၊ အိမ့်တန်ခူးနိုင်လေးနဲ့အမှတ်ရပုံလေးတွေရိုက်ကြရင်းနဲ့ အဲဒီအိမ်လေးကနေပြီး ကားလေးဆီကို ပြန်လာခဲ့ကြတယ်။ ကျွန်တော် ကားပေါ်တက်ပြီးခါစလေးမှာ အသံလေးတစ်သံ ထွက်လာတယ်။ “တာ့တာ” တဲ့။ ဘယ်ကအသံလဲလို့ ကြည့်လိုက်တော့ ခုနကနဲ့ ခြံ၀န်းကြီးထဲကနေပြီး နောက်ထပ်ကျွန်တော်တို့ကားနဲ့နီး တဲ့ အိမ်လေးပေါ်ကနေ အိမ့်တန်ခူးနိုင်လေးက လှမ်းနှုတ်ဆက်တာကို တွေ့လိုက်ရတယ်။ အဲဒါနဲ့ သူကို ပုံလေးတစ်ံလှမ်းရိုက်လိုက်ပြီး အားလုံးက သူကိုဝိုင်းနှုတ်ဆက်လိုက်ကြတယ်။ ဒီလိုနဲ့ကျွန်တော့်တို့ရဲ့ လူုအမှတ်သညာပွဲတော် ဓာတ်ပုံအဟောင်းလေးတွေစုတဲ့ ခရီးစဉ်လေးတစ်ခု ပြီးဆုံးခဲ့ပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s